ကိုယ့်အကြောင်း ကိုယ်ပြောတဲ့စကားတွေထက်
ကိုယ်နဲ့ ဆုံတွေ့ဖူးသူတွေရဲ့ အမြင်တွေက
ကိုယ့်ကို ပိုပြီး ပုံဖော်ပေးတတ်ပါတယ်။

ကျွန်မနဲ့ အတူအလုပ်လုပ်ခဲ့သူတွေ၊ မိတ်ဆွေတွေ၊ လက်တွဲခဲ့တဲ့ Client တွေရဲ့ ရိုးသားတဲ့အမြင်တွေကို ဒီနေရာမှာ စုစည်းထားပါတယ်။
အတူဖြတ်သန်းခဲ့တဲ့ ဆက်ဆံရေးတွေကို အမှတ်တရ သိမ်းထားဖို့နဲ့ သူတို့ရဲ့စကားတွေကနေ ကိုယ့်ကိုယ်ကို ပြန်မြင်ပြီး သင်ယူဖို့ပါ။
ချီးကျူးစကားတွေရော၊ ပိုကောင်းစေချင်တဲ့ အကြံပြုချက်တွေကိုပါ ကျွန်မ တန်ဖိုးထားပါတယ်။
Naing Lin Htun Teammate
အမနဲ့အလုပ်လုပ်ရတဲ့အပိုင်းမှာ ခေါင်းဆောင်မှုပိုင်း၊ Management ပိုင်း အားလုံးနီးပါးမှာ ကိုယ်တိုင်လည်း တကယ်အားကျရတယ်။
ပြီးတော့ Member တိုင်းကို သေချာ Control လုပ်နိုင်တာကိုလည်း သဘောကျတယ်။ အားလုံးက "မကျော့" လို့ပြောလိုက်တာနဲ့ လေးစားရမယ့်လူတစ်ယောက်၊ အလုပ်ကိုသေချာမလုပ်ရင် ကျုံးမယ့်သူတစ်ယောက်လို့ တစ်ညီတညွတ်တည်း လက်ခံထားကြတာပေါ့နော်။
ကျွန်တော့်တစ်ယောက်တည်းအမြင်အရဆို ကြောက်လည်းကြောက်တယ်။ ကျွန်တော်တို့ အပြင်မှာလည်း သေချာမရင်းနီးဖူးတော့ အမအကြောင်းကိုသေချာမသိတာလဲပါမှာပေါ့နော်။
ကြောက်တာက ကောင်းတာလည်းရှိသလို မကောင်းတာလည်းရှိတယ်ဗျ။
တစ်ခုခုဆိုရင် "ငါဒါကြီးလုပ်ရင်မှားမှာလား၊ လုပ်မိလိုက်ပြန်ပြီလား၊ လုပ်လို့ရောဖြစ်ပါ့မလား" ဒီလိုမေးခွန်းတွေဝင်ဝင်လာပြီး တစ်ချို့ကိစ္စတွေဆိုရင် ကြောက်စိတ်နဲ့မလုပ်လိုက်မိတာမျိုးရှိတယ်။
ကောင်းတဲ့အပိုင်းက အထိန်းအကွပ်ရှိသွားတာပေါ့နော်။ ကိုယ်ကြောက်ရမယ့်သူရှိတော့။ တစ်ခုခုဆိုရင် အမှားများများမလုပ်မိတော့ဘူး။ စေ့စေ့စပ်စပ်တွေးတတ်လာတာပေါ့။
ဒါ ကျွန်တော့်တစ်ယောက်တည်းအမြင်ပါဗျ။
Khin Satt Han Teammate
အစ်မနဲ့အတူ အလုပ်လုပ်ခဲ့တဲ့အချိန်တွေမှာ ခင်အတွက် အများဆုံးသင်ယူခွင့်ရခဲ့တဲ့အပိုင်းကတော့ Operation နဲ့ပတ်သက်တဲ့ Management ပိုင်းတွေပဲ ဖြစ်ပါတယ်။
အစပိုင်းမှာ ခင်က Operation ပိုင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ၊ Working Process တွေကို သေချာနားမလည်သေးသလို ဘယ်ကနေစပြီး ဘယ်လိုစနစ်တကျ လုပ်ဆောင်ရမလဲဆိုတာလည်း မသိခဲ့ပါဘူး။
ဒါပေမဲ့ အစ်မက Operation Coordinator ရဲ့ Job Description & Job Responsibilities (JD & JR) တွေကစပြီး လက်တွေ့လုပ်ဆောင်ရတဲ့ Working Process အသေးစိတ်အပိုင်းတွေကို နားလည်လာအောင် စိတ်ရှည်ရှည်နဲ့ ရှင်းပြသင်ကြားပေးခဲ့ပါတယ်။ အဲ့ဒီအပြင် ခင်မသိသေးတဲ့ Knowledge တွေကိုလည်း အများကြီးသင်ယူခွင့်ရခဲ့ပါတယ်။
ခင်အတွက် ကိုယ်တိုင်အခက်အခဲဖြစ်နေတဲ့အပိုင်းတွေမှာ အစ်မက လမ်းညွှန်ပေးပြီး ဘယ်လိုစဉ်းစားရမလဲ၊ ဘယ်လိုစနစ်တကျ လုပ်ဆောင်ရမလဲဆိုတာကို ပိုပြီးရှင်းလင်းနားလည်လာအောင် ကူညီပေးခဲ့တာပါပဲ။
နေ့စဉ်လုပ်ဆောင်ရမယ့် To-Do List တွေ စီစဉ်တာကစပြီး Time Management နဲ့ ကိုယ့်ရဲ့လုပ်ငန်းတာဝန်တွေကို ဦးစားပေးအလိုက် စနစ်တကျ လုပ်ဆောင်တတ်ဖို့အထိ လက်တွေ့အသုံးချနိုင်တဲ့ အလေ့အကျင့်ကောင်းတွေကို သင်ယူခွင့်ရခဲ့ပါတယ်။
ဒီအတွေ့အကြုံကနေ ခင်နားလည်လာတာက Operation ဆိုတာ အလုပ်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ရုံတင်မဟုတ်ဘဲ လုပ်ငန်းစဉ်တွေကို နားလည်ခြင်း၊ စနစ်တကျ စီမံခန့်ခွဲခြင်းနဲ့ ပြဿနာတွေကို ရှင်းလင်းတဲ့အမြင်နဲ့ ဖြေရှင်းတတ်ခြင်းကလည်း အရေးကြီးတယ်ဆိုတာပါပဲ။
ခင်အတွက်တော့ အစ်မနဲ့အတူ အလုပ်လုပ်ခွင့်ရခဲ့ခြင်းက ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာ Knowledge တွေ တိုးတက်လာစေရုံသာမက ကိုယ်တိုင်မသိသေးတဲ့အရာတွေကို သင်ယူပြီး ပိုမိုစနစ်တကျ လုပ်ဆောင်တတ်လာဖို့ အထောက်အကူပြုခဲ့တဲ့ အတွေ့အကြုံတစ်ခုလည်း ဖြစ်စေတယ်။
